http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, May 8, 2013

အနုပညာစစ်ဖို့ လမ်းသစ်ထွင်ပါ



ပုခုံးချင်းယှဉ်..
မသိစိတ်၊ သိစိတ် ဒွန်တွဲ
အယူအဆမတူလို့ အတွေးခါးသွားရင်တောင်
နှလုံးသားထဲက ရင်ဘတ်ကမ်းခြေမှာ ခရုကောက်တော့ မပြတ်စေချင်ဘူး ….

လက်တွေနဲ့ စိတ်ကူးဆိုတာ…
ဘီးတပ်ပြီး လိမ့်ချနေရတဲ့ ဘဝတွေလိုတော့
သက်တောင့်သက်သာ မရှိတော့
ဒဏ္ဍာရီ စာအုပ်တိုင်း .. မှော်ဝင် စာအုပ်ဖြစ်မလာနိုင်ဘူး

Saturday, May 4, 2013

အစိမ်းရောင် နေ့ရက်များ၏ သံစဉ်




ကျွန်တော်၏ အတွေး၊ အာရုံ၊ စိတ်၊ ခံစားမှု စသည့် အရာအားလုံး အေးစက် မာကြောတက်ခဲ့သည်မှာ အချိန်ကာလ အတန်ပင် ကြာညောင်းခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း အေးစက် မာကြောသော နှလုံးသား တစ်စုံက အတိတ်ဆိုတဲ့ စိတ်နံရံ တခါးကို မကြာခဏ ဆိုသလိုပင် ထိတွေ့ နေမိဆဲပင်။ ထိုသို့ ထိတွေ့  မိတိုင်းလည်း တစ်ခါတစ်ရံ ကြည်နူးခြင်း၊ တစ်ခါတစ်ရံ ဆွေးမြေ့ခြင်း၊ လွမ်းဆွတ် သတိရခြင်း၊ တခါတရံတော့လည်း နာကျင် ကြမ်းရှသော အလွမ်း ဒဏ်ရာတွေသာ ကျွန်တော်ထံသို့ ပြေးကြို နှုတ်ခွန်း ဆက်သလေ့ ရှိနေပြန်သည်။
ရည်ရွယ်ချက်ဖြင့် မေ့ထားခြင်း မဟုတ်သော သတိရခြင်းတွေက ကျွန်တော့် အတွေးတံခါးဆီ မကြာခဏ လာရောက် တံခါးခေါက် တက်ကြသည်။ ထို့အတူ တမ်းတခြင်းတွေကလည်း ကျွန်တော့်၏ ခွင့်ပြုချက် မရသော်လည်း အလျှင်လို လှစွာဖြင့် အမောတကော အပြေး ခိုဝင်တက် ကြသေးသည်။
ကျွန်တော့်၏ စိတ် အစဉ်တွင် အပြာရောင် ဇစ်ပို မီးခြစ်တစ်လုံး၊ ဝိုင်းစက်၍ ရွန်းလဲ့နေသော မျက်ဝန်းတစ်စုံ၊ ပိရိသေသပ်တဲ့ အပြုံး (သို့မဟုတ်) အဓိပ္ပါယ် ဖော်ဆောင်ရန် ခက်ခဲ၍ လျိုဝှက်တက်သော နုတ်ခမ်းတစ်စုံ၊ ကြက်ခွပ်လှိုင်း ကလေးများလို ချစ်စရာ ကောင်းသော အတက်အကျ ဟန်ချက်ညီစွာ ခပ်သော့သော့ ရယ်မောတက်သော ရယ်သံ ချိုချိုလေးများက အချိုးကျစွာ နေရာတကျ ဝင်ရောက်၍ လာသည်။
ဆေးလိပ် မသောက်တက်သော သူမထံမှာ အပြာရောင် ဇစ်ပိုမီးခြစ် တစ်လုံး ကိုယ်နှင့် မကွာ ရှိနေ ရခြင်းနှင့်  အလား သဏ္ဍန်တူသော နားမလည်နိုင်ခြင်း၊ တစ်နည်းအားဖြင့် သူမနှင့် အံဝင်ခွင်ကျ မဖြစ်နိုင်သော အရာများစွာတို့ဖြင့်  စီရင် ဖန်ဆင်း ခံထားရသောသူ တစ်ယောက် ဟုပင် ထင်မြင် မိလေသည်။

Sunday, March 31, 2013

“ အလွမ်းဟု…. မမြည်စေရ”



ကာလအတန်ကြာ လွမ်းနေခဲ့ရတဲ့ နေရာလေးကို တိတ်တိတ်ကလေးပဲ ခြေချလိုက်တော့မယ်။ လွမ်းမော ဆွံ့ပျံ့ဖွယ် ရေတမာပင်လမ်းတွေကို တစ်ကိုယ်တည်းပဲ လျှောက်ဖြစ်မယ်ထင်တယ်။ ကန်ရေပြင်ပေါ်မှာ ဆော့ပြေးကစားနေတဲ့ ကြက်ခွက်လှိုင်းလေးတွေနဲ့ ရေမျက်နှာပြင်ကို ဖြတ်ပြီး တိုက်ခတ်လာမယ့် လေတိုးသံသဲ့သဲ့ကို ဂီတတစ်ခုလို နားဆင်မယ်။ နံဘေးမှာ မရှိနေတဲ့ ချစ်သူဆီကို အတွေးနဲ့ တီးတိုးစကားဆိုတဲ့အခါ …ကိုယ်တစ်ယောက်တည်း ရှက်ပြုံးလေးနဲ့ ပြုံးနေမယ်။ ဒီအချိန်ဆို ပိတောက်နဲ့အတူ ငုတွေလည်း လှိုင်နေတော့မယ်..။ ပန်း မပန်တက်ပေမယ့် ပန်း ချစ်သူမို့ ငုပန်းတွေအောက်မှာ.. ခြေဆင်းထိုင်ရင်း ငေးမောဖြစ်မယ်ထင်တယ်။

ပိတောက်နဲ့အတူ အေးမြတဲ့ ရေစက်ရေမှုန်လေးတွေကို ထိတွေ့ဆော့ကစားမယ်။ တစ်ချို့တစ်ချို့သော အပြောင်းအလဲတွေကို ပြန်လည်ဆန်းစစ်ရင်း တိတ်ဆိတ်သော နေရာတစ်ခုမှာ ကိုယ်တစ်ယောက်တည်း အတွေးနယ်ချဲ့နေလိုက်မယ်။ ရှုပ်ထွေးလှများပြားလွန်းတဲ့ လူတွေရဲ့ လှုပ်ရှားမူကို အေးချမ်းတဲ့ နေရာလေးတစ်ခုကနေပြီး ကော်ဖီတစ်ခွက်နဲ့ ထိုင်ငေးမယ်။ မိုးလင်းသွားမှာ စိုးထိတ်နေသလိုမျိုးနဲ့ ညအခါ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ကြယ်တွေနဲ့ စကားပြောမယ်။ (ဘာလိုလိုနဲ့ ညအချိန်မှာ ကောင်းကင်နဲ့ ကြယ်တွေကို မခံစားမိရတာ အတော်ကြာခဲ့ပြီ….ပဲ)။

Saturday, March 16, 2013

မှောင်နေတဲ့ အလင်း




တကယ်ဆို
ပျောက်ဆုံးသွားခဲ့တာ..
ပြက္ခဒိန် တခု မဟုတ်ပါဘူး  သက္ကရာဇ် တခုပါ

နှလုံးသားဆိုတာ
လက်ပြတဲ့ အတတ်ပညာကို
မကျွမ်းကျင်ပဲ ချစ်ခြင်းကိုပဲ စတင်သူ
ဒါကြောင့်လဲ ပညာမစုံတော့ သူခဏခဏ နာကျင်ရတာပေါ့...

ပြန်ရပါစေလို့
မရည်ရွယ်ပေမယ့်..
ရလာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေကို ... ရိုက်သတ်လိုက်တယ်

Monday, February 18, 2013

အရိုင်းတစ်ကောင်၏ အဖေသို့ တမ်းတခြင်း




တကယ်တော့ ကျွန်တော်က
လိမ္မာခြင်း ကင်းပေမယ့်…
မရိုင်းခဲ့ဘူးသေးတဲ့… အရိုင်းတစ်ကောင်ပါ အဖေ…

သိမ်မွေ့တဲ့ အဖေအပြုံးကို
အဓိပ္ပါယ်တွေ ဖွင့်ဆိုရင်း ညတွေက ပိုနက်လာသလို
အဖေ ရှိစဉ်က သားမိုက်မဖြစ်ခဲ့တာကို နောင်တရမိတယ် ..
အဲ့လိုသာဆို အဖေ့ရဲ့ ဆုံးမသံတွေ အခုထက် ပိုရခဲ့မှာ အမှန်ပဲ….

ဖြစ်နိုင်မယ် ဆိုရင်လေ
အဖေမသိနိုင်တော့တဲ့.. ပြောင်းလဲလာတဲ့ ဝေါဟာရတွေ
အဖေနဲ့ ဆွေးနွေးချင်သေးတယ် …

Monday, January 21, 2013

မိုင်တိုင်နှစ်ဆယ်

 


ချစ်ရပါသော မောင်နှမများကို အိန်ဂျယ့်၏ ဝှက်ဖဲလေးတစ်ချပ်ဖြင့် မိတ်ဆက် ပေးပရစေရှင်။ အဲ့ဒီ ဝှက်ဖဲလေးကို အကို(ကိုကိုမောင် (ပန်းရနံ့)) ပြောသလို ဂျော်ကာဖဲချပ်လေး ဖြစ်ဖို့လည်း မျှော်လင့်မိပါတယ်လို့…. :)  :)

 
၂၀၁၂ ခုနှစ် စက်တင်ဘာလမှ အစပြုပြီး အမှတ်တရ အဖြစ် မဝင့်မရဲ မျှော်လင့်မိသော အိပ်မက်လေးတစ်ခုကို အကောင်အထည် ပုံဖော်ကြည့်ရန် အတွက် မရဲတရဲလေး ဆုပ်ကိုင်မိသော မျှော်လင့်ချက်လေး တစ်ခုဖြင့် လမ်းတစ်ခုကို စမ်းလျှောက်ဖြစ်ခဲ့သည်။ အိန်ဂျယ့် ဘဝမှာ စိတ်လှုပ်ရှား စရာ အကောင်းဆုံး အချိန် တစ်ခု ဖြစ်ခဲ့သလို မြေစမ်း ခရမ်းပျိုးရသလို စိုးရိမ်စိတ်ကလေး သဲ့သဲ့ဖြင့် စောင့်မျှော်နေရသော ကာလတစ်ခုအဖြစ်  ညတာ အလွန် ရှည်လျား လွန်းလှသော ဆောင်းညများလည်း ဖြစ်ခဲ့သည်။

Friday, December 28, 2012

2012 ရဲ့ ဖြတ်သန်းမှု သံစဉ်

 



 Black Rose (သို့) မမ ပစ်ပစ်ရဲ့ Tag Post လေးပါ ....။

တစ်ကယ်တော့ ၂၀၁၂ က အိန်ဂျယ်အတွက် တစ်ချို့ကိစ္စတွေမှာ အများကြီး တည်ငြိမ်လာတယ်လို့ ထင်မိတယ်။ အပြောင်းအလဲတွေလည်း ကြုံရတယ်။ စိတ်ညစ်စရာတွေလည်း ရှိခဲ့တယ်။ ရင့်ကျက်လာတယ် ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပေါ်လာဖို့ အခိုက်အတန့် နာကျင်ခံစားရတာတွေ၊ ရုန်းကန်ကျော်ဖြတ် ရတဲ့ အခက်အခဲတွေက အဆင်သင့်ဆိုသလို ဘဝမှာ ရှိနေတက်တယ် မဟုတ်လား။ တစ်ခါတစ်လေ ကျရှုံးတာဆိုတာ ဖြစ်တက်ပါတယ်။ စိတ်ဓါတ်ရေးရာပဲဖြစ်ဖြစ်၊ ခံစားမှုပိုင်းမှာပဲ ဖြစ်ဖြစ် ၊ စီးပွားရေး ပိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့လေ။ ဘယ်လို ကျရှုံးမှုတွေ အတွက်ပဲ ဖြစ်ဖြစ် ခေတ္တ ခဏပဲ ဖြစ်သင့်တယ် မဟုတ်လား။

Monday, December 17, 2012

ဒီတစ်ခါ ဆုံဖြစ်ခဲ့ရင် ပြုံးပါ





တစ်ကယ်ချစ်တော့လည်း
 “နားလည်မှု” ဆိုတာ
သင်ယူစရာမလိုပဲ တက်မြောက်တဲ့ ….. “အနုပညာ” ပေါ့..

ရွေးချယ်စရာ မလိုတဲ့
အလွမ်းစကားလုံးတွေ…
အသွေးအသားကို သီကုံး..
ပန်းတစ်ကုံးဖြစ်စေဦးတော့…
မနက်ဖြန်တွေဟာ အသက်ရှင်ရခက်တယ်…မောင်

Sunday, December 2, 2012

စုန်၍ စီးဆင်းသော မြစ်တစ်စင်း


စုန်၍ စီးဆင်းသော မြစ်တစ်စင်း 

 

အနည်းငယ် ညစ်ထွေးနေသော စိတ်ကြောင့် ဘယ်သူစွန့်ပစ်ထားမှန်း မသိသည့် လမ်းဘေးမှ ရေသန့်ဗူးခွံ တစ်ခုကို ထွန်းအောင် စိတ်ရှိလက်ရှိ ကန်ထုတ်ပစ်လိုက်သည်။ မိမိ၏ ကန်ချက်ကြောင့် အတော်ဝေးဝေး လွင့်ထွက်သွားသော ရေသန့်ဗူးခွံကို အဓိပ္ပါယ်မဲ့စွာ ငေးကြည့်နေလိုက်သည်။ သွားသင့် မသွားသင့် ဆိုတာထက် သွားကို သွားမှဖြစ်မည်ဆိုသော အသိက ဝင်လာတာကြောင့်လည်း သက်ပြင်း မောတစ်ခုကို သဲ့သဲ့ ချဖြစ်ပြန်သည်။

အသားရောင် နီစပ်စပ်နှင့် အမြဲလိုလို အဆီပြန်နေတတ်သာ မျက်နှာပိုင်ရှင် ဖြစ်သော ခနဲ့တဲ့တဲ့ စကားလုံးများနှင့် အချိုးမကျလှတဲ့ ဦးကျင်ဝှက်နှင့် တွေ့ရဖို့အရေး ကျားမြီးသာ ပြေးဆွဲလိုက် ချင်တော့သည်။ အမှန်တော့ ထွန်းအောင် တစ်ယောက် ဦးကျင်ဝှက်နှင့် တွေ့ဖို့ မသွားချင်ရသည့် အကြောင်းရင်းက နှစ်ချက်ရှိသည်။ ပထမ တစ်ချက်က ပိုက်ဆံ ရှိတယ်ဆိုပြီး မာရေကျောရည် နိုင်လှသော ဦးကျင်ဝှက်က သူ့လောက်မှ စီးပွားရေး မခိုင်လျှင် အပေါင်းသင်း မလုပ်တတ်သူ ပီပီ သူ့ထက်နိမ့်ပါးသော ထွန်းအောင်တို့လို လက်လုပ်လက်စား သမားများကိုလည်း အယုံကြည့်မဲ့ကာ မရှိ ခိုးနိုး၊ မလှ စုန်းမျိုးဖြင့် ဆက်ဆံ တတ်သောကြောင့် ဖြစ်သည်။

Monday, November 26, 2012

တစ်ခါတုန်းက ညများ




ရိုးရိုးသားသား
သတိရခြင်းတစ်စုံကလွဲရင်
ကိုယ့်မှာ ဘာမှ..လက်ဆုပ်လက်ကိုင် ပြစရာ ရှိမနေဘူး…

မေ့စေလိုကြောင်း ရည်ရွယ်သူကိုမှ
သတိပေးသလိုမျိုး ရာသီခွင်တွေက
နာကျင်မှုတွေပဲ စေတယ်…

နွေလည်း..နွေ
မိုးလည်း…မိုး
ဆောင်းကြတော့လည်း မပြောင်း..
ကိုယ်လေ..
ဖြစ်နိုင်မယ်ဆိုရင် ဒီရင်ဘတ်ကို
အလွတ်တိုင်းပဲ ထားလိုက်ချင်တာပါ…..

Monday, October 22, 2012

ဥပေက္ခာဝတ်ရုံ














ရွေးချယ်ခွင့် မရှိတဲ့ မနက်ခင်းတွေကိုမှ
လောကဓံနဲ့ စိန်ပြေးတမ်း ကစားခဲ့ရသလို
ကိုယ့်ရဲ့ ခံစားချက်တွေဟာ…..
ခဏခဏ အနီကတ်ပြခံရတယ်…

Saturday, October 13, 2012

ပွင့်သောပန်းတိုင်း လန်းစေချင်

ဓာတ်ပုံ   မသက်ဝေ

လူငယ်လူရွယ်ဘဝမှာ ထူးချွန်၊ ထက်မြတ်ဖို့ လိုသလို ယဉ်ကျေးလိမ္မာတဲ့ အသိစိတ်ဓါတ်လေးတွေ ကလေး၊ သူငယ်လေးတွေရဲ့ စိတ်မှာ ကိန်းအောင် သန္ဓေတည်ဖို့ ဆိုတာလည်း အရေးကြီးသော အချက်တစ်ချက် ပင်လျှင် မဟုတ်ပါလား။ မိမိရှေ့မှာ ယဉ်ကျေးလိမ္မာ ကဗျာလေးကို နှုတ်တိုက် ရွတ်ဆိုနေသော ရွာထဲက ကလေးတွေကို ကြည့်ရင်း ပီတိများစွာ ဖြစ်ရသည်ပင်။

Thursday, October 4, 2012

အလွမ်းတစ်ချက်... ပန်းတစ်ခက်


မနက်ခင်း တစ်ခုလုံး
မြူတွေဆိုင်း… ဝေ့ဝိုင်းနေတဲ့ မျက်ရည်တွေနဲ့
ကာလတွေရွေ့ပြောင်း…  တစ်ခါတစ်ခါတော့လည်း
အဟောင်းတွေပဲ ရွေ့ရွေ့လာတယ်..

ရောက်တက်ရာရာ
မြင်မြင်သမျှ အလှတွေ ဆိုပေမယ့်
အကြွေရွက်လေးကလည်း အရောင်ပြောင်းတယ် မေပယ်လ်...

Friday, August 31, 2012

ထာဝရ ရင်ထဲက...သူ


ချစ်စွာသော အိန်ဂျယ်ရဲ့ မောင်နှမတွေကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သရင်း ပထမဦးဆုံး အကြိမ်အဖြစ် အိန်ဂျယ်ရဲ့ အစွမ်းကုန် ကြိုးစား ရေးသား ထားသော ဝထ္ထုရှည် တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရှည် တစ်ပုဒ် ရေးဖြစ်အောင် ကြိုးစား နေဆဲမို့ အိန်ဂျယ် တစ်ယောက် ဘလော့ထဲက မောင်နှမ အိမ်တွေကို လာရောက် လာပတ်ဖို့လည်း ပျက်ကွက်နေခဲ့ပါတယ်။ 

အဲ့ဒီအတွက် ချစ်ရပါသော မောင်နှမ တစ်တွေရဲ့ နားလည်ပေးမှုနဲ့အတူ အိန်ဂျယ်အတွက် အားလေး ဖြစ်စေမယ့် ယခု တစ်ခါ ကြိုးစားထားတဲ့ ဝထ္ထုရှည် တစ်ပုဒ်ကိုလည်း မျှဝေ ခံစားပေးပါအုံးလို့ လေးစားစွာပဲ ဖိတ်ခေါ် ပရစေလားရှင်။

Thursday, August 9, 2012

အဆုံးသတ်ခြင်း မရှိခဲ့သော


အေးစက်နေတဲ့ အကြည့်တွေနဲ့အတူ မာကျောခက်ထန်နေတဲ့ မျက်ဝန်းစိမ်းတွေနဲ့ နောက်ဆုံးဆိုတဲ့ အသိတစ်ခုကို ကိုယ်စီ ရင်ဝယ်ပိုက်ပြီး မျက်နှာခြင်းဆိုင် ထိုင်နေရာမှ သူ့ဘက်မှ စတင်၍ သော့အတွဲလိုက်ကို စားပွဲပေါ် ပစ်ချရင်း " အဲ့ဒါ တိုက်ခန်းသော့၊ ကားသော့၊ ခင်ဗျားနဲ့ ကျွန်တော် ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး " တဲ့။ သူပစ်ချလိုက်တဲ့ သော့တွဲမှာ ချိတ်လျှက် ရှိနေတဲ့ အသဲပုံ ကျောက်စိမ်း သော့ချိတ်လေးကို ကျွန်မ ငေးကြည့်နေမိသည်။

မိုးကုတ်ရောက်တုန်း သူ့အတွက် အမှတ်တရ အဖြစ်ဝယ်ခဲ့စဉ်က သူသိပ် သဘောကျခဲ့ ဖူးတဲ့ သော့ချိတ်လေး။ ကျောက်စိမ်းအစစ်နဲ့ လုပ်ထားတာမို့ ဈေးကြီးပေမယ့် သူ့အတွက် ဆိုတော့လည်း ငွေကြေးဆိုတာ ထည့်တွက်ရ ကောင်းမှန်း နားမလည်ခဲ့တာ အမှန်။ ချစ်ခြင်း၊ မေတ္တာကိုသာ အခြေခံလို့ သူ့စိတ်ကြိုက်၊ သူ့သဘောဆိုတာတွေသာ ခေါင်းညိမ့် ဖြည်းစည်း ပေးတက်ခဲ့တာ။ သူ့ဆန္ဒတွေ ပြည့်ဖို့ အရာရာ ဖြည့်စည်း ထောက်ပံ့ပေးခဲ့သမျှ နောက်ဆုံး သူစွပ်စွဲခဲ့သလို " ငွေကြေးနဲ့ လူတစ်ယောက်ရဲ့ ဘဝကို အပိုင်သိမ်းတယ်" ဆိုတဲ့ ဝေါဟာရမှာ တစ်ချိန်လုံး ငုံ့နေခဲ့တဲ့ မာနက ခေါင်းပြူလာခဲ့သည်။

Monday, July 30, 2012

ကျပျောက်သွားသော ရက်စွဲများ




ဖြတ်ထိုးဥာဏ်ဆိုတာ ကျင်းထဲကြပ်ထဲ
ရောက်နေချိန်မှာမှ ပိုအသုံးဝင်တယ်ဆိုတာတော့
ကျွန်မနဲ့..သူ  ခံယူချက်တူခဲ့ကြတယ်..

နွေဆိုတာ အပူကိုရည်ညွန်းသလို
သောကဆိုတာလည်း လားရာတူတဲ့
ဂီတတစ်ခုလိုပဲ သူ့ဟာနဲ့သူ ခိုလုံရာတူနေတက်တယ်..

ဒီလိုနဲ့.....သူနဲ့ ကျွန်မ
အယူအဆ မတူလဲ ရင်ဘတ် အခွံချင်းတော့
ထပ်တူကျခဲ့ကြတယ်...

Sunday, July 22, 2012

နှုတ်ဆက်ခြင်း



ဖုန်ထူထူ လမ်းတွေနဲ့ ကျွမ်းဝင်ခဲ့လို့များ
စိတ်ဓါတ်တွေ အညတရဆန် ရခဲ့ရသလားမောင်..

ဇရပ်အိုနဲ့ ရှိုက်သံ မအပ်စပ်ဘူးလို့
မငြင်းဆိုနိုင်သလို ခပ်တိုးတိုး ပင့်သက်တွေကိုလဲ
လျစ်လျူမရူ ရက်ခဲ့ပြန်ဘူး...

Monday, July 9, 2012

နင်နဲ့ငါနဲ့.....ဒီလိုနဲ့...


" သဒ္ဒါ နင်မရူး သေးပါဘူးနော် "

"ငါက ဘာလို့ရူးရမှာလဲ သော်က အကောင်းကြိးနော်.. နင်သာမေမေ့ကို မီးလောင်ရာလေပင့် စကားတွေ မပြောနဲ့......"

"သဒ္ဒါ အခုနေမှာ နင်ရွေးချယ် တဲ့လမ်းမှားရင် ပြန်ပြင်လို့ မရတာ နင်မသိတာလဲမဟုတ်ဘူးနော်....."

"သိတယ်လေ သိလို့ပဲ ငါတစ်ကယ် ဝါသနာ ပါရာအလုပ်အတွက် ရွေးချယ်ချင်တာလေ သော်ကရဲ့ ....."

"သိရင်လည်း သဒ္ဒါရာ မဟုတ်ကဟုတ်က အရူးလုပ်တွေ လုပ်မနေပါနဲ့......"

"တော်တော် သော်က နင့်လို အနုပညာဆိုတာ နားမလည်တဲ့လူအတွက် ငါ့ရဲ့ရွေးချယ်မှုက ရူးကြောင်ကြောင် ဖြစ်နေပေမယ့် ငါ့အတွက်တော့ ငါလုပ်ချင်တဲ့ အလုပ်ကို သေသေချာချာ ကျွမ်းကျင် နှံစပ်ချင်တယ်။ ဟိုမရောက် ဒီမရောက်လည်း မဖြစ်ချင်ဘူး အဲဒါကို မေမေလည်း နားလည်လို့ ခွင့်ပြုဖို့ သဘောတူပြိးသား။ နင်သာအပိုတွေ လျှောက်ပြောနေတာ....."

"နင်ရထားတဲ့ အမှတ်တွေ ဘယ်လောက်နှမြောဖို့ ကောင်းလဲ သဒ္ဒါ။ လူတိုင်း နင့်လို အူကြောင်ကြောင် အလုပ်တွေ လုပ်မယ့်သူ ငါရှိမယ် လို့မထင်ဘူး။ နင်သာ......"

"ဒီမှာ သော်က နင်ကလေ နင်ဘာသာနင် ရည်ရွယ်ချက် ကြိးကြိးထားပြိး လုပ်ချင်တာလုပ်တာ ငါဘာမှ မပြောဘူးနော်။ နင်ကတော့ ငါ့ကို တော်တော်လေး ဝေဖန်နေတာပဲ။ မရဘူး မေမေနဲ့ငါက သဘောတူပြိးသား။ အစကတည်းက ငါလုပ်ချင်တာလုပ် ခွင့်ရဖို့ ဒီလောက် ကြိုးစားခဲ့တာ မေမေစိတ်ပြောင်းအောင် လာလုပ်နေတဲ့ နင့်ကို ငါသိပ်စိတ်တိုနေတယ်နော် သော်က......."

"သဒ္ဒါ နင်ဖြစ်ချင်သလို မဖြစ်ခဲ့ရင် နင်ဘယ်လိုလုပ်မလဲ ကံလည်းရှိသေးတယ်လေ ငါပြောတာ မဟုတ်ဘူးလား....."

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More